ဘိုကျောက်ဆိုတာ ကျွန်တော်တို့ ရပ်ကွက်ထဲ ကလူတစ်ယောက်ပါပဲ။
သူက အရက်ကြိုက်တယ်၊ ပြီးတော့ အရက်မူးရင်သွေးဆိုးတယ်။
ရိုင်းတယ်ပေါ့လေ။ သူကကျွန်တော် ဦးလေးရဲ့ ယောက်ဖလည်းတော်တယ်။
အဲ့ဒီတော့ ကျွန်တော်တို့နဲ့လည်းသိတယ်ပေါ့လေ။ ကျွန်တော်တို့ ကအရင်က
ရန်ကုန်ဇာတိမဟုတ်ပါဘူး။ သထုံဆိုတဲ့ မွန်ပြည်နယ်ထဲက မြို့တစ်မြို့ကပါ။
ကျွန်တော် ၅ နှစ်သားလောက်မှာ ရန်ကုန်ကိုပြောင်းလာတာခဲ့တာ။
အဲ့ဒီထဲကစပြီး ကျွန်တော်တို့ နဲ့ ဘိုကျောက်နဲ့စပြီးသိတာပေါ့။
ဘိုကျောက် က အရက်မသောက်ထားရင် အရမ်းခင်မင်ဖို့ကောင်းတယ်။
ပျော်လည်းပျော်တတ်တယ်။ ရယ်ရယ်ပြုံးပြုံးနဲ့ပေါ့။
မူးရင် တော့ တစ်ရပ်ကွက်လုံးကိုပတ်ပြီးဆဲ။
နောက်ရပ်ကွက်ကရဲတိုင် အဖမ်းခံရနဲ့ သံသရာလည်နေတာပေါ့။
သူကတော့ပြောတယ် အပြင်မှာနေရင်ရှာစားရဦးမယ်တဲ့။ ထောင်ထဲမှာ သူတို့ကျွေးတာပဲစားတာကောင်းတယ်တဲ့။ ကျွန်တော်တို့ ငယ်ငယ်ကဆို သူမူးလာရင်
အိမ်ကိုလာပြီး အရက်ဖိုးလာလာတောင်းတယ်။ အမေ့ဆီကပေါ့။ အဖေ့ကစင်ကာပူကို ရောက်နေပြီလေ။
အမေကမပေးဘဲအဆိပ်ပင်ရေမလောင်းဘူးတို့ဘာတို့ပေါ့။ သူကလည်း ပြန်ပြီးဆဲ။
ကျွန်တော်တို့ဆိုကြောက်သလားမမေးနဲ့။ ငယ်သေးတာကိုးနော့။ ဒီလိုနဲ့ တဖြည်းဖြည်းကျွန်တော်
တို့အရွယ်ရောက်လာ သူကအမြဲတမ်းအဲ့ဒီအတိုင်းပဲ။ တစ်ခါကျတော့ သူကအိမ်ကိုလာပြီး တောင်းတယ်။
အမေကမပေးဘူး။ အဲ့ဒီမှာ ဘိုကျောက်က ဆဲရော။ ကျွန်တော်လည်း အတန်းက၉တန်း။ အရွယ်လည်းရောက်လာ။ လူကလည်း မကြောက်တတ်တော့ဘူးဆိုတော့၊ ကျွန်တော်ရယ် အစ်ကို ရယ် နှစ်ယောက် တံခါးပိတ်ထားတာကိုဆွဲဖွင့် ၀ါးရင်းတုတ်ကိုဆွဲ တစ်ခါထဲ လိုက်ရိုက်တာ ဘိုကျောက်ဆိုတာပြေးတာတန်းနေတာပဲ။ အဲ့ဒီကစပြီး ဘိုကျောက်ကျွန်တော်တို့ အိမ်ကို လာမတောင်းရဲတော့ဘူး။ အဲ့ဒါပဲ ကျွန်တော်တို့မှာ သားအမိသုံးယောက် ထဲနဲ့ ဖိုက်တာလုပ်ခဲ့ရတာ။
0 comments:
Post a Comment